မင်းဘူး မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုဝင်များအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဒေါက်တာ သန်းထိုက်ရှိန် - ဒေါ်ကလျာပပလှိုင် မိသားစုမှ မတ် ၁၆ ရက် နံနက် ၁၀ နာရီက ကိုင်းမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မီးဘေးသင့် အိမ်ထောင်စုဝင် ၇၂ ဦးတို့အား အားပေးစကား ပြောကြားပြီး ကျေးရွာအတွင်း လမ်းနယ်နိမိတ် ကျင်းနေပါသဖြင့် ကျေလက်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရပ်ကျေးဥက္ကဋ္ဌများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ကြရန်နှင့် ခရိုင်စီမံအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က မီးလောင်ပြင်ရှိ မိမိတို့၏မြေကွက်များ မှန်မှန်ကန်ကန် ရရှိရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးရရှိရန် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက မီးဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၆၀၀၀ နှင့် ၇၂ စုစာ ကျပ် ၂၅၉၂၀၀၀ ကိုလည်းကောင်း၊ ဒေါက်တာ သန်းထိုက်ရှိန် - ဒေါ်ကလျာပပလှိုင် မိသားစုက တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ၇၂ ဦးစာ ၁၄၄၀၀၀၀ ကိုလည်းကောင်း၊ မြို့နယ်ထွေအုပ် ဝန်ထမ်းမိသားစုများက ငွေကျပ် ၃၀၀၀၀၀ တို့အပြင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၃၃၂၀၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)


