လန်ဒန် ၂၂ ဇူလိုင်
ဗြိတိန်လေကြောင်းလိုင်းမှ ကိုင်ရိုသို့ ပျံသန်းမှုများကို လုံခြုံရေးဆိုင်ရာစစ် ဆေးမှုများကြောင့် ခုနစ်ရက်တာ ဆိုင်းငံ့ ထားမည်ဟု ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ဂျာမနီလေကြောင်းလိုင်း ဖြစ်သည့် လုဖ်သန်ဆာမှာလည်း မည်သည့်အကြောင်းပြချက်မှမပေးဘဲ မြူးနစ်မြို့မှ ကိုင်ရိုသို့ ပျံသန်းမည့် ခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း ဇူလိုင် ၂၀ ရက် တွင်ကြေညာခဲ့သည်။
ပုံမှန်ဝန်ဆောင်မှုများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ပေးဆောင်မည်ဟုသာ လုဖ်သန်ဆာမှ တာဝန်ရှိသူက ပြောသည်။ လုံခြုံစိတ်ချရမှုမရှိဘဲ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်မဖြစ်နိုင်ဟု ဗြိတိန်လေကြောင်းလိုင်းက ပြောသည်။ ကမ္ဘာပေါ်မှာရှိသမျှလေဆိပ်များ၏ လုံခြုံစိတ်ချရမှုကိုကြည့်ရှုကြောင်း၊ ကိုင်ရိုသို့ ပျံသန်းမည့်ခရီးစဉ်ကို ခုနစ်ရက်တာ ရပ်ဆိုင်းထားခြင်းမှာလည်း လုံခြုံရေးဆိုင်ရာ အကဲဖြတ်မှုများ လုပ်ဆောင်ရန် လိုအပ်သည့်အတွက် ဖြစ်ကြောင်း လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်သည်။
လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ၏လုံခြုံရေးမှာ လေကြောင်းလိုင်း၏ အဓိကဦးစားပေးပင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီဂျစ်လေကြောင်း ဝန်ကြီးဌာနကလည်း ကိုင်ရိုမြို့ရှိ ဗြိတိန် သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နေကြောင်း၊ ခရီးသည်များကို ပို့ဆောင်ရန် အီဂျစ်လေကြောင်းလိုင်းမှာလန်ဒန်မြို့သို့ နေ့စဉ်ပြေးဆွဲပေးကြောင်းလည်း ပြောသည်။
အီဂျစ်နိုင်ငံသို့ သွားရောက်မည့် ဗြိတိန်နိုင်ငံသားများကိုလည်း လုံခြုံရေး ဆိုင်ရာသတိပေးချက်များ ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ်အတွင်း အီဂျစ်သို့သွား ရောက်လည်ပတ်သူ ဗြိတိန်နိုင်ငံသား ၄၁၅၀ဝဝ ခန့်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်ကလည်း ပင်လယ်နီအပန်းဖြေ စခန်းသို့ လာရောက်ကြသည့် အားလပ် ရက်အပန်းဖြေသူများကို တင်ဆောင်လာသည့် ရုရှားလေယာဉ်ကြီးကို အစွန်းရောက်များက ဗုံးထောင်ခဲ့သည့်အတွက် လူပေါင်း ၂၂၀ ကျော်သေဆုံးခဲ့ရသည်။ ယင်းဖြစ်ရပ်အပြီး ဗြိတိန်နိုင်ငံသည် အီဂျစ်သို့ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းခဲ့သည်။
အေအက်ဖ်ပီ