ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ - မိုင်းခုတ်လမ်း သွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယင်းဆောင်ရွက်နေမှုများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် သက်ဆိုင်ရာမြို့နယ် လမ်းဦးစီးဌာနတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျိုင်းတုံ - မိုင်းခုတ်လမ်းရှိ လမ်းဘေး ဝဲ၊ ယာ ရေမြောင်းများ ကောင်းမွန်ရေး ပြုပြင်နေမှု၊ လမ်းပေါက်များ ဖာထေးပြုပြင်ဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ် ကင်းဝေးစေရန် အသိပေး၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိမှုတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မိုင်းခုတ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည့် လူနာများနှင့် ဆေးရုံဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။
ထို့နောက် မိုင်းဆတ်မြို့နယ်အတွင်း ပြည်နယ် Clean and Green Cities ရန်ပုံငွေကျပ် သန်း ၄၈၀ ဖြင့် ဆောင်ရွက်နေသည့် ဝိန်းနေ - ဝိန်းကောင်းလမ်း အရှည်ပေ ၃၁၁၇၊ အကျယ် ၂၄ ပေ ၊ ထု ၁၅ လက်မ ကတ္တရာ တိုးချဲ့ခင်းနေမှု၊ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေသည့် ငွေကျပ် ၁၀ သန်း အောက် လုပ်ငန်းများ၊ မိုင်းဆတ်မြို့လေဆိပ် အကြီးစားပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်သွေးမီပြီး ရှေရှည်တည်တံ့ ကောင်းမွန်စေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်


