တာလေ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အက်ကွဲကြောင်းများဖြစ်ပေါ်နေသော တာလေတံတားပေါ်တွင် ယမန်နေ့ ည ၇ နာရီမှစ၍ ယာယီသံဘေလီတံတား တည်ဆောက်လျက်ရှိရာ ယာဉ်အသွားအလာအားလုံး ပိတ်ထားကြောင်း သိရသည်။
တာလေတံတားသည် တာလေမြို့အား ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်လင်းချောင်း (တာလေချောင်း) ပေါ်တွင် အရှည်(၃၂၇)ပေ၊ အကျယ်(၃၀)ပေရှိ ကျောက်စီခုံးတံတား အမျိုးအစားဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျောက်စီခုံးတံတား၏ ကမ်းကပ်ခုံအနီး ပထမခုံး(ကျိုင်းတုံဘက်ခြမ်း)တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး အောက်သို့ နှစ်လက်မခန့် နိမ့်ကျသွားသည်ကို သိရှိရသဖြင့် ယာဉ်အသွားအလာအားလုံး ခေတ္တပိတ်ခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ ကွင်းဆင်းကြည့်ရှုစစ်ဆေးချက်အရ ညနေပိုင်းတွင် ယာဉ်ငယ်များအား တစ်စီးချင်း ဖြတ်သန်းခွင့်ပြုခဲ့ကာ ည ၇ နာရီမှစ၍ ယာဉ်အသွားအလာအားလုံး ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားပေါ်တွင် ယမန်နေ့ ညပိုင်းမှစတင်ကာ ရှမ်းပြည်နယ် တံတားအထူးအဖွဲ့ (၁၂)က အရှည်(၉၀)ပေ၊ အကျယ်(၁၂)ပေခွဲရှိ ယာယီသံဘေလီတံတားအား အမြန်ဆုံးပြီးစီးအောင် တည်ဆောက်လျက်ရှိပြီး သံဘေလီတံတား တည်ဆောက်နေစဉ်အတွင်း ယာဉ်အသွားအလာအားလုံး ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၂၀ ရက်တွင် ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ရေးအတွက် နေ့ရောညပါ ကြိုးစားတည်ဆောက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)