ကျိုင်းတုံ-တာချီလိတ်သွားပြည်ထောင်စုကားလမ်းပေါ်၌ ခရီးတင်ယာဉ်တစ်စီး တိမ်းမှောက်၊ ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်

ကျိုင်းတုံ ၂၄  ဧပြီ 

 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ တာကျောက်ကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စုကားလမ်းမပေါ်၌ ဧပြီ ၂၃ ရက် ညပိုင်းက မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရေချောင်းအတွင်းထိုးကျ တိမ်းမှောက်ခဲ့ရာ ခရီးသည်ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း စိုင်းလှအောင် (၂၃နှစ်)၊ မိုင်းကိုင်အုပ်စု၊ ကျေးသီး မြို့နယ်နေသူ မောင်းနှင်လာသော TOYOTA HIACE အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသားတစ်ဦး၊ အမျိုးသမီး ခုနှစ်ဦး၊ စုစုပေါင်း ယာဉ်မောင်းပါ ကိုးဦးတို့ မောင်းနှင်လာစဉ် ကျိုင်းတုံမြို့နယ်၊ တာကျောက်ကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ်သွားပြည်ထောင်စုကားလမ်းမ၊ မိုင်တိုင်အမှတ် (၆၈၃)ကီလိုမီတာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ရေချောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့်  ယာဉ်မောင်းစိုင်းလှအောင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်ပါ မောင်ဦး (၁၁ နှစ်) ၊ ဒေါ်နန်းအွန်(၃၃ နှစ်)၊ ဒေါ်နန်းရွှေယုံ (၄၇ နှစ်)၊ ဒေါ်နန်းအေးကြည် (၄၇ နှစ်)၊ ဒေါ်နန်းအေးခင် (၃၂ နှစ်)၊ ဒေါ်နန်းနွန်း (၃၇ နှစ်)နှင့် မနန်းအိဖောင်း (၁၉ နှစ်)ခရီးသည် ရှစ်ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အတွင်းလူနာ ခြောက်ဦးနှင့် ပြင်ပလူနာ နှစ်ဦးအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 


မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ကာ ခရီးသည်များကို ဒဏ်ရာများရှရှိစေပြီး ထွက်ပြေးတိမ်းရှောင်နေသူ ယာဉ်မောင်း စိုင်းလှအောင်အား ကျိုင်းတုံမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


မြင့်မိုရ်(တာချီလိတ်)