ကျိုင်းတုံ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီးသွားကားလမ်း တုံတာမြို့အနီး မိုင်းကာတောင်တွင် စက်တင်ဘာ ၂၃ ရက်က ခရီးသည်တင်ယာဉ်တစ်စီး၊ Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ Probox အမျိုးအစား မော်တော်ယာဉ်တစ်စီး စုစုပေါင်း မော်တော်ယာဉ်သုံးစီးကို ဓားပြတိုက်ခဲ့သူများအား အောက်တိုဘာ ၉ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တရားခံများ ဖမ်းဆီးရမိရေး ထောက်လှမ်းဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာမှ ဘီယာမင် (၂၀ နှစ်)၊ ယာစေး (၂၁ နှစ်)၊ ကျာကျား (၂၀ နှစ်)၊ ဒယေ (၂၀နှစ်)၊ ဂျော်နီ (၁၉ နှစ်) စုစုပေါင်း ပြစ်မှုကျူးလွန်သူ ငါးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ဥပဒအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်မှုတွင် ခရီးသွား ပြည်သူများထံမှ ငွေကျပ် ၂၉ သိန်းကျော် နှင့် လက်ကိုင်ဖုန်းကိုးလုံး ယူဆောင်သွားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)