ကျိုင်းတုံ  ဇူလိုင် ၂၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့ပေါ်ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့မဈေးကြီး၊ နောင်ကွမ်ဈေးနှင့် အာခါဈေး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများကို မီးသတ်မော်တော် ယာဉ်များ၊ ဆေးပုန်းများဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့မဈေးကြီးအပါအဝင် ဈေးများအား ဇူလိုင် ၁၃ ရက်မှ ၂၂ ရက်အထိ ယာယီပိတ်ထားခဲ့ရာ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအရ ဇူလိုင် ၂၃ ရက်မှ ၃၁ ရက်ထိ ထပ်မံပိတ်ထားမည်ဖြစ်ပြီး မြို့မဈေးအ‌နောက်ဘက်ရှိ ကုန်စိမ်းသည်များ၊  ပျံကျဈေးသည်များနှင့် ဈေးအတွင်း အသား/ငါးဆိုင်များနှင့် စားသောက်ကုန်၊ ‌ဆေးဝါးများရောင်းချသည့် ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)