ကျိုင်းတုံ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ရိုးရာ ဒန်းစီးပွဲတော်ကို ဩဂုတ် ၃၀ ရက်က အမေ့ရင်ခွင် ကျောင်းတော်တွင်ကျင်းပသည်။
အာခါတိုင်းရင်းသားလူမျိုးများ၏ရိုးရာ ဒန်းစီးပွဲတော်အား တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဉီးဇော်လွင်ဉီး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်း၊ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုတို့က ဦးဆောင်၍ ဒန်းတော်အားစီးနင်း မင်္ဂလာပေးကြသည်။
အဆိုပါအခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ တို့က အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားအကြီးအကဲ က အာခါတိုင်းရင်းသား လူမျိုးများ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဧည့်သည်တော်များအား အာခါရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အာခါတိုင်းရင်းသားများသည် တောင်ပေါ်ဒေသနေ လူမျိုးစုဖြစ်သည့်အလျောက် တောင်ယာစိုက်ပျိုးရေးစနစ်ကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြရာ ယခုအချိန်သည် မိမိတို့၏ တောင်ယာ၊ လယ်ယာများကို ထွန်ယက် စိုက်ပျိုးပြီးစီးပြီးနောက် ညီညွတ်ခြင်း၊ အေးချမ်းခြင်းနှင့်စားရေရိက္ခာ ဖူလုံကြွယ်ဝစွာ ရရှိစေရန် စိုက်ထူထားသည့် ဒန်းတော်ကို ပျော်ရွှင်စွာ စီးနင်းကာ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဒန်းစီးပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)


