ကျိုင်းတုံ ၁၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁၅ နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရသည့် အကြောင်းအရင်းများနှင့် ကာကွယ်ရမည့် နည်းလမ်းများကို ကလေးမိဘများကို အသိပညာပေး ပြောကြားပြီး ကလေးငယ်များအား ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များသည် သူ့အသက်အရွယ်အလိုက် ရသင့်ရထိုက်သည့် ကာကွယ်ဆေးများကို ငယ်စဉ်က အကြောင်းအမျိုးမျိုးကြောင့် မရခဲ့လျှင် အမီလိုက်ပေးသည့်အနေဖြင့် ကာကွယ်ဆေးများကို ကျိုင်းတုံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကလေးငယ်များအား ဆက်လက်ထိုးနှံတိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဂေါ်ရက်တီ ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


