ကျိုင်းတုံ   ၂၀   မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း  အများပြည်သူအကျိုးအတွက် နှာခေါင်းစည်းများတပ်သွားလာရန် အသိပေးနှိုးဆော်မှုများပြုလုပ်ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း ၁၀ ခု ဝယ်ယူစေခြင်းများကို မေ ၂၀ ရက်က လူစည်ကားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာလာသူများအား နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပေး နှိုးဆော်ကာ နှာခေါင်းစည်းများ တပ်ဆင်လာခြင်းမရှိသူများအား နှာခေါင်းစည်း ၁၀ ခု ဝယ်ယူစေ၍  တစ်ခုအား ၎င်းမှ တပ်ဆင်စေပြီး ကျန်ကိုးခုအား မဖြစ်မနေအပြင်ထွက်သွားလာသည့်အခါ တပ်ဆင်အသုံးပြု  သွားလာရန် အသိပြောကြားခြင်းများကို  လူစည်ကားသော ကျိုင်းတုံမြို့မဈေး၊ ဟွေခါးလမ်းဆုံ၊  မြို့လယ်ကျောက်တိုင်၊ ပါလျံမြို့ရိုးတံခါး၊ လေယာဉ်ကွင်းလမ်း၊ နောင်နွန်းဂိတ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် မဖြစ်မနေ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများတပ်ဆင်ရန် အသိပညာပေးကာလဆောင်ရွက်ပြီးဖြစ်၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း ၁၀ ခုဝယ်ယူရမည်ဖြစ်ကာ ဝယ်ယူရန်ငြင်းဆိုခဲ့ပါက  တည်ဆဲဉပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)