ကျိုင်းတုံ မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၅) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရ အရေးပါသော အပင်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုနှင့် ၎င်းတို့အား အသုံးပြုနိုင်မှုများကို ဖော်ထုတ်ခြင်းနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်း(FD-MLC Plant’s Chemical) စီမံကိန်း မိတ်ဆက်အခမ်းအနားကို မတ် ၁၅ ရက်က ဟွမ်ဟိန်းဟိုတယ်၌ ကျင်းပသည်။
ဦးစွာ သစ်တောဦးစီးဌာန သစ်တောသုတေသနဌာန(ရေဆင်း)မှ စီမံကိန်းမန်နေဂျာ ဦးညွန့်ဝင်းက အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညိုက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန သစ်တောသုတေသနဌာန (ရေဆင်း)မှ ဒေါက်တာ သီတာဆွေက စီမံကိန်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အပင်များ၏ ထူးခြားဂုဏ်သတ္တိဒြပ်ပေါင်းပါဝင်မှုအား ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရအရေးပါသော အပင်များအား ဆန်းစစ်လေ့လာဖော်ထုတ်ရေး၊ အသုံးပြုဈေးကွက်မြှင့်တင်နိုင်ရေးနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေနိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


