ကျိုင်းတုံ ၂၁ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူများ မူးယစ်ဆေးဝါး ပပျောက်စေရန်နှင့် ဘိန်းအစားထိုး မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်သည့် တိုင်းရင်းမျိုးကြက်များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းပန် (အထက်) အုပ်စု၊ ဖာပယ်ကိုကျေးရွာ၌ ကျင်းပသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်းနှင့် ဌာနဆိုင်ရာများ ဝန်ထမ်းများက အဆိုပါ ဖာပယ်ကိုကျေးရွာနေ ပြည်သူများသို့ အိမ်ထောင်စုတစ်စုလျှင် တိုင်းရင်းမျိုး ကြက် (၁၀) ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀)အတွက် တိုင်ရင်းမျိုးကြက် အကောင် (၂၀ဝ) နှင့် တိုင်းရင်းမျိုးကြက် မွေးမြူခြင်းဆိုင်ရာ နည်းပညာပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

 

ကျိုင်းတုံမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဘိန်းအစားထိုး တိုင်းရင်းမျိုးကြက် ဖြန့်ဝေရရှိသည့် ကျေးရွာ(၂)ရွာရှိပြီး ဒေသနွားဖြန့်ဖြူးရန် (၁)ရွာ လျာထားပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းရွှေအောင်