ကျိုင်းတုံ ၂၇ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီက ပြည်နယ်ဒုတိယ အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက မြန်မာ့သတ္တုတွင်း ဉပဒေ၊ နည်းဉပဒေပါ လိုက်နာရမည့်အချက်များ၊ သတ္တုလုပ်ငန်းဆောင်ရွက်သူများ လိုက်နာရမည့်အချက်များ၊ စသည့်သတ္တုကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက သစ်တောထိန်းသိမ်း ရေး၊ တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေး၊ လက်ကိုင်စက်လွှများ မှတ်ပုံတင်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


