ကျိုင်းတုံ ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဓမ္မေဓယစာသင်တိုက်နှင့် ပါလျန် ဘုန်းတော်ကြီး ကျောင်းတို့၌ ရဟန်းသံဃာတော်များ၊ သာမဏေများအား ဩဂုတ် ၄ ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ရဟန်း သံဃာတော်များ၊ သာမဏေများအား ကာကွယ်ဆေးထိုးနှံပေးခြင်း မပြုမီ ရဟန်းသံဃာတော်များ၊ သာမဏေများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှ သာ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ကျန်ရှိသည့် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ကာကွယ်ဆေး ထပ်မံရောက်ရှိပါက ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


