ကျိုင်းတုံ မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့ကို မတ် ၂၆ ရက်က ပါလျန်မြို့ရိုးတံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
စော်ဘွားဈေးနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရပ်နီးရပ်ဝေးမှ လာရောက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ အမှတ်တရ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိပြီး ဈေးသို့လာရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုးများ မြှုပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ပသကြကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ရှေးဓလေ့ထုံးတမ်း အစဉ်အလာမပြတ် တစ်နှစ်လျှင် တစ်ရက်သာ ရောင်းချလေ့ရှိသည့် စော်ဘွားဈေးသို့ လာရောက်သူအားလုံးသည် ကောင်းသောမင်္ဂလာနှင့် ပြည့်စုံပြီး ၎င်းဈေးတွင် ရောင်းချသော ပစ္စည်းဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကောင်းမွန်သည်ဟု ယူဆကာ မြို့သူ၊ မြို့သားများ၊ အနီးပတ်ဝန်းကျင် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဧည့်သည်များနှင့် ကလေးများမှ စ၍ သက်ကြီးရွယ်အိုများအထိ စော်ဘွားဈေးသို့ လာရောက်လည်ပတ်၍ ဈေးဝယ်ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


