တောင်ကြီး မတ် ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတ် ၆ ရက်က ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် သမဝါယမဦးစီးဌာနနှင့် မိုင်းဖြတ်မြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ ကျိုင်းတုံမြို့နယ် သမဝါယမအသင်းစု အမှုဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာရှိ မိုင်းဇင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေနှင့် ယန်းလောကျေးရွာအုပ်စု ဝမ်ဟကျေးရွာရှိ ရွှေနောင်တုံ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း၊ သမဝါယမအသင်းမှ ဆောင်ရွက်နေသော အုတ်ကြွပ်လုပ်ငန်းနှင့်မြို့နယ် သမဝါယမအသင်းစုပိုင် ငါးကန်တွင် ငါးမွေးမြူထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိသော သက်တန့်ရောင်စီမံကိန်း ကုန်ထုတ်လုပ်မှု၊ ကုတ်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


