နေပြည်တော်၊ မတ် ၁၁
ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျားယော်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၄၀ သိန်း)ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် ညနေ ၄ နာရီတွင်တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၉၅ ကီလိုနှင့် Happy Water သုည ဒသမ ၁၆၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကက်တမင်း ၁ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၂၅ သိန်း)၊ Happy Water သုည ဒသမ ၁၆၂ ကီလို(တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၇၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကြားမနိုးကျေးရွာအနီးတွင် ချီးအေး မောင်းနှင်ပြီး အားညေ့လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၂,၀၀၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)