ကျိုင်းတုံ အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုနှင့် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စုသို့ ဆက်သွယ်သည့်လမ်းဖောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးကြီးကြပ်မှုရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြသည်။

 

အဆိုပါလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်-လွယ်ပန်တောင်းကျေးရွာများနှင့် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စု၊ အင်ဂိုလုံကျေးရွာသို့ ဆက်သွယ်သည့်လမ်း (၃၃/၅)မိုင်တွင် မြေသားလမ်း (၃၂/၀)မိုင် ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့လမ်းဖောက်လုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာ (၃၆)ရွာမှ အိမ်ခြေ (၁၁၄၉)အိမ်၊ လူဦးရေ (၇၅၀၀)ခန့်ကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မိုင်းခတ်မြို့နယ်အတွင်းရှိ ဝမ်အွန်၊ မိုင်းညှင်း၊ ဟုတ်ပုံစသည့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများသည်လည်း ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)