ကျိုင်းတုံ ဒီဇင်ဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)၏ ၂၀၂၁-၂၀၂၂ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီး ကားလမ်းမှ ပန်မတ်ရွာအဝင် လမ်းပိုင်းတွင် ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပန်မတ်ရွာအဝင် လမ်းပိုင်း အရှည် ၁၃ မိုင် မြေလမ်းတွင် ၆/၄ မိုင် ကျောက်ခင်းခြင်း ဆောင်ရွက်ပြီး ကျန်ရှိသည့် ၆/၄ အနက် (၁/၀)မိုင် ကျောက်ခင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် အရှေ့ဘက်ကျိုင်းတုံကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီး နိုင်ရန် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးပါက ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာအုပ်စုရှိ၊ ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေ ၅၇၂ အိမ်၊ လူဦးရေ ၃၃၂၈ ဦးအား အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒေသတွင်းရှိ ထွက်ကုန်များအား တင်ပို့ ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


