ကျိုင်းတုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက်က မြို့နယ်စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်မြင့် တို့က ကျိုင်းတုံမြို့နယ်အား နိုဝင်ဘာလ ၂၅ ရက် မှ စ၍ stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ စည်းကမ်း ချက်များကို မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် တိကျစွာလိုက်နာ၍ ပြန်လည်ဖွင့်လှစ်ကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လဘက်ရည်ဆိုင်များ၊ ဆိုင်ရှင်များ၊ အလုပ်သမားများ အားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးမှ ပြန်လည်ရောင်းချခွင့်ပြု မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ပေးမည်ဖြစ်၍ ဆေးထိုး၊ ဆေးစစ်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် စားသောက်ဆိုင်ပိုင်ရှင်များက သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)