ကျိုင်းတုံ ၁၁ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ပေးဝေရေးကို ယနေ့နံနက် ၉ နာရီခွဲက ရပ်ကွက်၊ ကျေးရွာများတွင် စတင်ထောက်ပံ့ပေးအပ်သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာတို့ကို ပြည်သူများလက်ဝယ်အရောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မိမိအိမ်၌ နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီပေးရန် ဒေသခံပြည်သူများအား ပြောကြားခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၅၂၂ ရှိပြီး ယနေ့တွင် အိမ်ထောင်စု ၄၀၂ စုအား ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးခဲ့ပြီး ကျန် ၄၁၂၀ အိမ်ထောင်စုများအား ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


