ကျိုင်းတုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်အတွင်း ပြည်ထောင်စု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်က ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပြည်ထောင်စု) နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေကျပ် ၃၀၄ သန်းဖြင့် အရှည် ပေ ၆၀၆၀၊ အကျယ် ၁၄ ပေ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရယ်ကင်းရှင်းရေး ကြီးကြပ်ဆောင်ရွက်ကာ ပတ်ဝန်းကျင်ရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဗုဒ္ဓဥယျာဉ်တော်တွင် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်နှင့် တောင်ပေါ်ဒေသ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားများ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန် တည်ထားခြင်းဖြစ်ရာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးကိုလည်း ထပ်မံတည်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


