ကျိုင်းတုံ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၉ ရက်က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် မြို့နယ်အတွင်း ကျေးရွာများ ရှိ ဒေသခံပြည်သူ ၂၄၃ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂၂ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျ ပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု နောင်ချိုကျေးရွာ အမက ကျောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)