ကျိုင်းတုံ နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ပြည်တွင်းကူးစက်နေမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီဖြစ်သည့်အတွက် နိုဝင်ဘာ ၃၀ ရက်က စ၍ ကိုဗစ်-၁၉ ရောဂါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အား stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖြစ်လိုက်ပြီဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၃၀ ရက် ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရခြင်းမရှိသေးသော ကျောင်းသား၊ ကျောင်းသူအချို့မှာလည်း မိဘအုပ်ထိန်းသူများနှင့် အတူ လာရောက်ကျောင်းအပ်နှံကြပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ဖို့အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၀၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၇ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၅ ကျောင်း ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)