ကျိုင်းတုံ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ဒေသတွင်း ပိုမိုကူးစက်မှု များပြားလာပြီး ပိုးတွေ့နှုန်း မြင့်မားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံမှုအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများအားလုံးကို ဩဂုတ် ၁၉ ရက်မှ ၂၈ ရက်ထိ ယာယီပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးအကျိုးတော်ဆောင် အဖွဲ့များ၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့် ထိရောက်စွာ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုင်းတုံမြို့မဈေး၊ နောင်ကွမ်ဈေး၊ ယန်းခမ်းဈေး၊ နောင်နွမ်းဈေး၊ လွယ်မွေဈေး၊ ကတ်တောင်ဈေး၊ ကတ်ထိုက်ဈေး၊ ကတ်ဖဈေးနှင့် ကန်နားလုံဈေးများအား ဩဂုတ် ၁၉ ရက်မှ ၂၈ ရက်ထိ ယာယီပိတ်သွားမည်ဖြစ်ပြီး မြို့သစ်ဈေး(အာခါဈေး)အား ဩဂုတ် ၁၈ ရက်မှစတင်၍ ၂၈ ရက်ထိ ယာယီပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးများအားလုံး ယာယီပိတ်သွားမည်ဖြစ်၍ ဈေးအတွင်း/အပြင် ရောင်းချနေသော ဆိုင်ခန်းများအားလုံးနှင့် ပျံကျဈေးသည်များအားလုံး ဈေးရောင်းချခွင့် ပြုမည်မဟုတ်ကြောင်းနှင့် မိမိနေထိုင်သည့် ရပ်ကွက်ရှိ နေအိမ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ကြောင်းနှင့် လိုက်နာချင်းမရှိပါက ဉပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း ခွင့်မပြုတော့ဘဲ ပါဆယ် (Take Away) စနစ်ဖြင့်သာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာထားရှိပြီးဖြစ်သဖြင့် လိုက်နာခြင်းမရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း၊ ဉပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အများပြည်သူကျန်းမာရေးကို ရှေးရှု၍ လိုက်နာဆောင်ရွက်ပေးရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ အသိပေးနှိုးဆော် ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


