ကျိုင်းတုံ ၁၂ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မျိုးကောင်းမျိုးသန့် ဒေသနွား ၂၁ ကောင် ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် နောင်ဆာ(အာခါ)ကျေးရွာတွင် ကျင်းပသည်။

 

ပေးအပ်ပွဲတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးနိုင်က မျိုးကောင်းမျိုးသန့် ဒေသနွားများ ထောက်ပံပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ဒေသနွားများမွေးမြူရေးတွင် လိုအပ်သည့် နွားစာအိတ်များ၊ မျိုးကောင်းမျိုးသန့် မြက်မျိုးစေ့များကို ကျေးရွာကော်မတီထံ ထောက်ပံ့ပေးအပ်ပြီး ဒေသနွားလက်ခံရရှိမှု မှတ်တမ်းနှင့် စာချုပ်များ လွှဲပြောင်းပေးအပ်သည်။

 

ဒေသနွား ၂၁ ကောင် မွေးမြူရန် နောင်ဆာ(အာခါ) ကျေးရွာကော်မတီက ရွေးချယ်ထားသည့် အိမ်ထောင်စု ၁၀ စုမှ တစ်အိမ်ထောင်စုလျှင် ဒေသနွား အမ ၂ ကောင်စီ မွေးမြူရမည်ဖြစ်ကာ ဒေသနွား အထီး ၁ ကောင်ကို အဆိုပါ အိမ်ထောင်စု ၁၀ စုက မဲနှိုက် မွေးမြူရမှာဖြစ်ကြောင်း သိရသည်။

 

ဒေသနွားမွေးမြူခြင်း ရရှိသူများသည် စာချုပ်ပါအတိုင်း ၃ နှစ်ပြည့်ပြီးပါက အဆိုပါကျေးရွာမှ မွေးမြူမည့်သူများကို ဆက်လက်ဖြန့်ဝေပေးရမှာဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့် (ပြန်/ဆက်)

1