ကျိုင်းတုံ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကိုဗစ်-၁၉ အတည်ပြုလူနာများထားရှိသည့် Center များ နှင့် အသွားအလာကန့်သတ်ထားသူများအား ထားရှိသည့် Quarantine Center များအား ပိုးသတ်ဆေးဖျန်းခြင်းကို ဩဂုတ် ၁၈ ရက်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ပိုးသတ်ဆေးဖျန်းရာတွင် လိုအပ်သည့် ပိုးသတ်ဆေးနှင့် ဆေးဖျန်းစက်များအား ကျိုင်းတုံခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထောက်ပံ့ပေးပြီး ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးတင့်နိုင်ဝင်း ဦးဆောင်၍ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုင်းတုံတက္ကသိုလ်ဝန်းအတွင်းရှိ အတည်ပြုလူနာများထားရှိသူည့် နမ့်ဘော်ဆောင်၊ ပိတောက်ဆောင်၊ သဇင်ဆောင်နှင့် အသွားအလာကန့်သတ်ထားသူများ ထားရှိသည့် ပညာရတနာဆောင် အတွင်းအပြင်နှင့် အနီးရှိ လူနေအိမ်များ၊ လမ်းမများပေါ်တွင် ဆေးပုံးများ၊ မော်တော်ယာဉ်များဖြင့် ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ကျိုင်းတုံ တက္ကသိုလ်ဝန်းအတွင်းထားရှိသည့် အတည်ပြုလူနာနှင့် အသွားအလာကန့်သတ် ထားရှိသူများအား ကျန်းမာရေးစောင့်ရေှာက်မှုလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေးအသင်းများ က ဆောင်ရွက်ပေးလျက်ရှိပြီး ကျိုင်းတုံမြို့နယ်ပြည်သူများကလည်း လိုအပ်သည့် ထမင်းဘူးများ၊ ရေသန့်ဘူးများနှင့် အခြားလိုအပ်သည်များကို နေ့စဉ်လာရောက်ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


