ကျိုင်းတုံ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ဝယ်ယူထားသော ၄၀ လီတာဝင် အောက်ဆီဂျင်အိုးအလုံးရေ ၁၀၀ သည် ဇူလိုင် ၂၄ ရက် ည ၈ နာရီခွဲခန့်က ကျိုင်းတုံမြို့သို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
မိုင်းလားနယ်စပ် ဝမ်နတ်၊ ဝမ်ဆင်းကျေးရွာလမ်းခွဲသို့ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက အောက်ဆီဂျင်အိုးများ ရောက်ရှိခဲ့ပြီး ကျိုင်းတုံမြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က လက်ခံ၍ ဆက်လက် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ ပထမအပတ်တွင် ကျိုင်းတုံမြို့၌ တစ်နာရီလျှင် ၄၀ လီတာအိုး လေးလုံးထုတ်ယူရရှိမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မည်ဖြစ်ရာ အဆိုပါစက်ရုံအတွက် အောက်ဆီဂျင်အိုး အလုံးရေ ၂၀၀ ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၂၁ ရက်က အလုံး ၁၀၀ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂၄ ရက်ညအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၈ ဦးရှိပြီးဖြစ်ရာ အောက်ဆီဂျင်အိုးများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
ဦးမောင်မောင်နိုင်


