ကျိုင်းတုံ ၁၇ မေ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီးရှေ့/နောက်နှင့် ဈေးအတွင်းမှ ဈေးရောင်းသူ၊ ဝယ်သူများအား မေ ၁၇ ရက် နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် နှာခေါင်းစည်းဝတ်ဆင်ရေး အသိပေးနှိုးဆော်မှုများပြုလုပ်ပြီး လိုက်နာမှု မရှိသူများအား  နှာခေါင်းစည်း(၁၀)ခုကို ဝယ်ယူစေသည့် စနစ်ဖြင့် ပညာပေးဆောင်ရွက်လျှက်ရှိသည်။

 

ကျိုင်းတုံမြို့၌ (မဖြစ်မနေ)နေအိမ်ပြင်ပသို့ထွက်၍ သွားလာကြရမည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျဝတ်ဆင်ပြီး သွားလာကြရန် မေလ ၁၀ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  မေလ ၁၄ ရက်နေ့မှ စတင်၍ နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်မှုမရှိဘဲ နေအိမ်အပြင်သို့ထွက်ခွာပါက နှာခေါင်းစည်း (၁၀)ခုကို ဝယ်ယူစေ၍ (၁)ခုအား မိမိမှတပ်ဆင်ပြီး (၉)ခုကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ ပေးအပ်လှူဒါန်းသွားရန်နှင့် နှခေါင်းစည်း(၁၀)ခု ဝယ်ယူရန်ငြင်းဆိုခဲ့ပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသန္တရအမိန့်ကြေညာ ချက်ကို မေ ၁၂ ရက်တွင် သက်ဆိုင်ရာက လိုက်လံအသိပေးကြေညာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

2020005896

 

ထို့အပြင်  ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများပူးပေါင်းကာ အဆိုပါမြို့နယ်အတွင်းရှိ ဈေးများနှင့် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်း ဝတ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်ဟုန်မြင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်မှုကို ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက  နှာခေါင်းစည်းဝတ်ဆင်ရေး အသိပေးနှိုးဆော်မှုများနှင့် လိုက်နာမှုမရှိသူများအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ရဲထက်ဉီး(ပြန်/ဆက်)