ကျိုင်းတုံ ၃၀ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ထောက်ပံ့ ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အိမ်ထောင်စု(၅၀၂၂)စု အတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်/ကျေးရွာအုပ်စု ၃၅ အုပ်စုမှ အိမ်ထောင်စု ၅၀၂၂ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၇၅,၃၃၀,၀၀၀ ကို ထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


