တာချီလိတ်  ၁၆   နိုဝင်ဘာ

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် `အာခါအမျိုးသားနေ့´ကို ကျိုင်းတုံမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီခွဲက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုရုံး၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးလောတာက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးအားလယ်က ပွဲတော်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ရမည့် အခန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေအတွက် အမှတ်တရ  ကံထူးရှင် လက်မှတ်များရောင်းချခြင်း၊ ပံ့ပိုးငွေ၊ အလှူ ပစ္စည်း၊ ဆန်နှင့်ခြံထွက်သီးနှံများအား လှူဒါန်ထည့်ဝင်ကြသည်။

 

အာခါတိုင်းရင်းသားများသည် ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ ၁၉၇၅ ခုနှစ်တွင် အာခါတိုင်းရင်း သား လူမျိုးစုကို အခြေခံကိုယ်စားပြုသည့် “အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်” တစ်နည်းအားဖြင့် “အာခါအမျိုးသားနေ့”ကို နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၅)ကြိမ်မြောက်ပွဲတော် ကျင်းပနိုင်ရန် အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အာခါစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖြစ် ဆောင်ရွက်ကာ အာခါတစ်မျိုးသားလုံး ပူးပေါင်းပါဝင်ပြီး ကျိုင်းတုံမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်း၌ ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ အာခါဇန်း ဘာသာကိုးကွယ်သူများ ဦးဆောင်၍ (၁၂)ကြိမ်မြောက် အာခါစုပေါင်း ခါးထောင်းဖားပွဲတော်ကို ကျင်းပမည်ဖြစ်ရာ စေတနာအလှူငွေ၊ သီးနှံ၊ ဆန်၊ စပါးများ ပေးလှူရန်နှင့် လုပ်အားများ ပါဝင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

 

"အာခါတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ (၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် `အာခါအမျိုးသားနေ့´ကို လူမျိုးဂုဏ်ဆောင်နိုင်ရေးအတွက် လူမျိုးရေးကို အခြေခံတဲ့ ပွဲဖြစ်ပြီး၊ အာခါစုပေါင်း ခါးထောင်းဖားပွဲတော်ကတော့ ဘာသာရေးကို အခြေခံတဲ့ ပွဲဖြစ်ပါတယ်” ဟု အာခါ အမျိုးသားစာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ဦးအားလယ်ကပြောသည်။

 

အခမ်းအနားသို့ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးလောတာနှင့် ပွဲတော်ကျင်းရေး ဦးစီးကော်မတီဝင်များ တာချီလိတ်မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု အာခါရွာသူကြီးများ စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မိုင်းမော(တြိဂံနယ်မြေ)

 

IMG_201