ကျိုင်းတုံ ၁၆ ဇန်နဝါရီ
ကျိုင်းတုံမြို့တွင် မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အသိပေး ဆွေးနွေးတင်ပြခြင်း ကျိုင်းတုံမြို့ အမေးဇင်းဟော်တယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြည်နယ်အတွင်း မကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြလေးနွယ်က မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှု ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆီးချို၊ သွေးချို ကာကွယ်ထိန်းသိမ်းရေးစီမံချက် မန်နေဂျာ ပါမောက္ခ ဒေါက်တာ ဦးကိုကိုက ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများ ရှာဖွေကုသမှု လုပ်ငန်းများကို အခြေခံကျန်းမာရေး ဝန်ထမ်းများမှ ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN