ကြို့ပင်ကောက်၊ ၃ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၈ ရက်က ပျဉ်ထောင်တွင်းအုပ်စုမှ တောင်သူ (၄၅) ဦး၏ စိုက်ပျိုးဧက (၃၃၂) ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ချေးငွေပေါင်း ငွေကျပ် (၄၉၈) သိန်း ထုတ်ချေးပေးခဲ့ပြီး ဇွန် ၃ ရက်အထိ တောင်သူ (၆၉) ဦး၏ လယ်ဧက ၅၁၃ ဧကကို မိုးရာသီ သီးနှံထုတ်လုပ်မှု ချေးငွေ ထုတ်ချေးပေးခဲ့ပြီးကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ကျေးရွာအုပ်စု ၅၂ အုပ်စုမှ တောင်သူ ၇၇၅၀ ဦးခန့်၏ လယ်ဧကပေါင်း ၄၈၈၀၀ ဧကကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းထုတ်ချေး ပေးသွားမည်ဖြစ်သည်။
အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တစ်ပြိုင်တည်းလက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇) အထောက်အထားနှင့် တစ်ဦးချင်း အာမခံစနစ်ဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းနိုင်ထွန်းက ပြောပြသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


