ပဲခူး၊ ၁၀ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီက အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြို့ပင်ကောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း မီးလောင်သွားမှုအခြေအနေအား သွားရောက်ကြည့်ရှုကြသည်။
ဇန်နဝါရီ ၁၀ ရက် နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့ အခြေပညာအထက်တန်းကျောင်း ပင်မဆောင် ရွှေညီလာခန်းမအား Quarantine ဝင်နေသည့် သံဃာတစ်ပါးမှ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကြို့ပင်ကောက်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ဇီးကုန်းမြို့နှင့် အုတ်ဖိုမြို့တို့မှ မီးသတ်တပ်ဖွဲ့များ၏ မီးသတ်ယာဉ်များ ဝိုင်းဝန်ငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားကြောင်း၊ အဆိုပါကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine နေထိုင်သူ ၅၇ ဦးရှိကာ ယခုစတင်မီးလောင်သည့် ရွှေညီလာခန်းမတွင် သံဃာတော်တစ်ပါး Quarantine ထားရှိကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက မီးလောင်မှုဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


