ကြို့ပင်ကောက်၊ ၂၄ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ မိုးစပါးများ စိုက်ပျိုးရန်အတွက် လယ်ယာမြေပြုပြင်ခြင်းများကို မေလ ဒုတိယပတ်အတွင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင်းရှိ တောင်သူအများစုမှာ မိုးစပါးစိုက်ပျိုးရန် ထွန်စက်များအသုံးပြု၍ အခြောက်ကြဲခင်းစနစ် စိုက်ပျိုးရန်ပြင်ဆင်နေကြကြောင်း၊ ယင်းသို့ အခြောက်ကြဲခင်းစနစ် အသုံးပြု စိုက်ပျိုးရခြင်းကြောင့် စက်မှုလယ်ယာစနစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခြင်း ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းချိန်အထိ နွားအသုံးပြုမှုမရှိတော့ဘဲ လယ်ထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်တို့ဖြင့်သာ အသုံးပြုစိုက်ပျိုးနေကြကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် မိုးစပါးစိုက်ဧက စုစုပေါင်း ၈၅၃၇၆ ဧကရှိပြီး မိရိုးဖလာနည်းနဲ့ ပျိုးထောင်စိုက်ပျိုးသော ဧကငါးထောင်ခန့်သာရှိကာ တောင်သူအများစုမှာ အခြောက်ကြဲခင်းများကိုသာ စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


