ကြို့ပင်ကောက် ၁၉ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာများကို ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွင် COVID-19 ရာဂါကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးသွားမည်ဖြစ်သည်။

 

မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ခက်ခက်ဝင်းက “ကျွန်မတို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး OSS ရုံးခန်းမှာ ပင်စင်လစာတွေထုတ်ပေးရင် လက်ဆေးဖို့အစီအစဉ်တွေ စီစဉ်ထားတယ်။ ပင်စင်လာထုတ်ရင်လည်း နှာခေါင်းစည်းများ တပ်ဆင်လာဖို့ကိုလည်း ကြော်ငြာထားတယ်။ COVID-19 ရောဂါက မိမိကစပြီး ကာကွယ်ရမှာဖြစ်လို့ ထွေအုပ်ရုံးမှာ ပင်စင်ထုတ်ယူသူများနေရင် နောက် မြန်မာ့စီးပွားရေးဘဏ်ဖွင့်ရက်တွေမှာ ရုံးချိန်အတိုင်း လာရောက်ထုတ်ယူလို့ရပါတယ်”ဟု ပြောသည်။

 

ပညာရေးဌာန အငြိမ်းစားဝန်ထမ်း ဦးသိန်းအေးက “အခုလို COVID-19 ရောဂါတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ အသက်ကလည်း ၆၀ ကျော်ပြီ၊ သွေးတိုးရောဂါလည်းရှိနေတော့ နောက်လတွေကျမှပဲ ပင်စင်ထုတ်ဖို့စဉ်းစားထားတယ်”ဟု ပြောသည်။

 

ပင်စင်လစာ လာရောက်ထုတ်ယူသူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်လာကြရန်နှင့် မြို့နယ်ထွေအုပ်ရုံးသို့ လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားများကို ကျန်ရှိသည့်ဘဏ်ဖွင့်ရက်များအတွင်း ရုံးချိန်အတိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)