ကြို့ပင်ကောက် ၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးဆင်းမှုကြောင့် ရေဘေးဒုက္ခ ခံစားနေရသော ဒေသခံပြည်သူများအား စက်တင်ဘာ ၃ ရက်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်ခဲ့သော ဇင်ပြွန်းကုန်းအုပ်စု ဘုတဘက်ကုန်းကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ကံဝေကုန်းကျေးရွာနှင့် ညောင်ပင်မြင်းစီးအုပ်စု ရေသိုးကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ဒေသခံပြည်သူ ၇၀ဝ ခန့်အား ဆေးဝါးများ၊ ခေါက်ဆွဲခြောက်များ၊ အသင့်စားမုန့်ခြောက်ထုပ်များ၊ ပြည်မြို့သူ မြို့သားများ လှူဒါန်းသော ထမင်းထုပ် ၆၀ဝ တို့ကို သွားရောက်လှူဒါန်းခဲ့ကြသည်။
အမြင့်ပိုင်းရွာများတွင် ရေကျသွားပြီး အနိမ့်ပိုင်းရွာများတွင် ဇီးကုန်းမြို့ဘက်မှ စီးလာသည့် ရေကြောင့် အနည်းငယ် ထပ်တက်လာကြောင်း၊ ရေတက်လာနိုင်သည့် အခြေအနေကိုကြည့်ပြီး ကယ်ဆယ်ရေးစခန်းဖွင့်ရန် ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အခြားမြို့နယ်မှ အလှုရှင်များနှင့် ဒေသခံအလှူရှင်များ ပူးပေါင်းပြီး ကူညီထောက်ပံ့များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ကြို့ပင်ကောက် (ပြန်/ဆက်)


