ကြို့ပင်ကောက် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ လက်ပံပင်စုတောင်သူပညာပေးစခန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဓာတ်မြေဩဇာများအား မျိုးစေ့ထုတ် တောင်သူများထံ ယနေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာ (၃၀)အိတ်အား မျိုးစေ့ထုတ်တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် မိုးစပါးစိုက်ဧက စုစုပေါင်း (၈၅၃၇၆)ဧက စိုက်ပျိုးထားရှိပြီး ရတနာတိုး၊ ဆင်းသုခနှင့် မှော်ဘီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက(၁၆၀၀) စိုက်ပျိုးထားရှိကြောင်း၊ ဆီထွက်သီးနှံကို စုစုပေါင်းဧက (၁၂၅၀)စိုက်ပျိုးထားရှိကြောင်း၊ လာမည့်ဆီထွက်သီးနှံစိုက်ပျိုးရာသီတွင် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားနိုင်ရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


