ကြို့ပင်ကောက် ၉ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင် အလှူရှင်များက ယနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်ကော်မတီသို့ အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ကြို့ပင်ကောက်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ (၇)ဦးအထိ စောင့်ကြည့်ကုသ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကုသရေးအထောက်အကူပြုလုပ်ငန်းသုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း၊ လက်ရှိမှာလည်း အလှူရှင်များ လှူဒါန်းထားသော ကုသရေးပစ္စည်းများရရှိထားပြီဖြစ်ကြောင်း၊ ယခုလှူဒါန်းသော အလှူငွေများဖြင့် ဝယ်ယူရရှိသော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများသည် ကိုဗစ်အလွန်ကာလတွင်လည်း မြို့နယ် ပြည်သူ့ဆေးရုံတွင် လူနာများအား ကုသရေးလုပ်ငန်းများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်၍ များစွာအကျိုးရှိကြောင်း ပြောကြားပြီး အလှူရှင်များမှ လှူဒါန်းသော အလှူငွေကျပ် ၁၈၅၀၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်က အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)