ကြို့ပင်ကောက်   ၁၄   မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ဒေသန္တရအမိန့်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့် လိုက်နာမှုမရှိသူ ၂၇ ဦးအား မေ ၁၃ ရက်နေ့ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ပိတ်ဆို့တားဆီးမှုနှင့် လှည့်ကင်းများဆောင်ရွက်စဉ် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း မြို့မရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် ဒေသန္တရအမိန့်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်တို့ကို လိုက်နာမှုရှိစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ လှည့်ကင်းများ၊ ပိတ်ဆို့တားဆီးမှုများ၊ ဝပ်ကင်းများ ဆောင်ရွက်ခဲ့ရာ လုံလောက်သော အကြောင်းပြချက်များဖြစ်သည့် ကျန်းမာရေးကိစ္စ၊ မြို့ရွာလုံခြုံရေးကိစ္စ၊ ဝန်ထမ်းများ အရေးကြီးတာဝန် ထမ်းဆောင်ရန်ကိစ္စတို့ကိုသာခွင့်ပြုခဲ့ပြီး ရန်ကုန်ပြည်အဝေးပြေးကားလမ်း မြို့လယ်နာရီစင် လမ်းဆုံတွင် အရေးပေါ်ကျန်းမာရေး လူနာတင်ကားများမှလွဲ၍ မည်သည့်ကားအမျိုးအစားမဆို ည ၁၀ နာရီကျော်လျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ နံနက် ၄ နာရီအထိ ညအိပ်ရပ်နားထားစေခဲ့ကြောင်း မေ ၁၃ ရက်နေ့ညအထိ ဒေသန္တရအမိန့်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့် လိုက်နာမှုမရှိသူ ၂၇ ဦးအား စစ်ဆေးတွေ့ရှိရ၍ အရေးယူဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)