ကြို့ပင်ကောက် ၂၄ ဇူလိုင်
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူအချင်းချင်း မျိုးစေ့ဖလှယ်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်မျိုးသန့်စပါး အမျိုးအစား (၄)မျိုးအား ၁၂၅၃ ဧကတွင် စိုက်ပျိုးထားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မျိုးစေ့ထုတ်မျိုးသန့်စပါးများ စိုက်ပျိုးရန်အတွက် မျိုးစပါးကို မျိုးစေ့ထုတ်မျိုးသန့်ခြံများမှ ထုတ်လုပ် မှတ်ပုံတင်ထားသော စပါးမျိုးများကိုသာ တောင်သူများအား မျိုးစေ့ထုတ်နည်းပညာများ ဖြန့်ဝေပြီး လာမည့် မိုးစပါးစိုက်ရာသီတွင် တောင်သူအချင်းချင်း မျိုးစေ့ဖလှယ်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စခန်းနယ်မြေလေးခုခွဲ၍ ခြောက်တန်း တစ်တန်းလှပ်စိုက်ပျိုးနည်းဖြင့် အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကြို့ပင်ကောက်မြို့နယ်တွင် မျိုးစေ့ထုတ်မျိုးသန့်စပါး အမျိုးအစားများဖြစ်သော ရတနာတိုးစပါမျိုး ၇၀၃ ဧက၊ ဆင်းသုခစပါးမျိုး ၃၀၀ ဧက၊ မှော်ဘီ-၂ စပါးမျိုး ၁၅၀ ဧကနှင့် ရက် ၉၀ စပါမျိုး ၁၀၀ ဧကတို့အား ကျေးရွာပေါင်း ၃၄ ရွာရှိ တောင်သူပေါင်း ၃၄၀ ဦး၏ လယ်မြေများတွင် စိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်အထိ စုစုပေါင်း ၁၂၅၃ ဧက အကောင်အထည်ဖော် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


