ကြို့ပင်ကောက်၊ ၁၁ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၇၁ ဒသမ ၄၅ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသည့် သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ဦးစာပေးဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးရွာ ၁၄ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၇၁ ဒသမ ၄၅ သန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၁၂ ခု၊ မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းနှင့် လက်နှိပ်တုံကင် တပ်ဆင်ခြင်း လုပ်ငန်းနှစ်ခု၊ ဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ငါးခု၊ ဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်း သုံးခု၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အဆိုပါ လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးထံမှ သိရသည်။
အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ ၁၃၉၅ အိမ်၊ လူဦးရေ ၅၅၃၃ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


