ကြို့ပင်ကောက်၊ နိုဝင်ဘာ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ(၄၇)ရွာရှိသည့်အနက်မှ ကျေးရွာ (၂၉)ရွာ၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခြင်း၊ Video Conferencing စနစ်တို့ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက်အထိ ချေးငွေထုတ်ချေးမှုများအားလုံး ဆောင်ရွက်ပေးပြီးစီးကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအနေဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် တခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခဲ့သော ကျေးရွာ(၂၉)ရွာရှိ  စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ (၁၆၈၉)ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ (၈၆၄)ဦး၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်သူ (၆၅၄)ဦး စုစုပေါင်း အသင်းသူ/ အသင်းသား (၃၂၀၇)ဦးရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ (၂၉)ရွာရှိ အသင်းသူ/ အသင်းသားများထံသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၁၀၃၉ ဒသမ ၈၂ သန်းကို အတိုးနှုန်း ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့် ထုတ်ချေးပေးနိုင်မှုကြောင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းနှင့် ပြည်သူများ အကြွေးဝန်ထုတ်ဝန်ပိုး လျော့ကျလာမည်ဖြစ်ကြောင်းကို မြို့နယ်ဦးစီးမှူးမှ ပြောပြ၍ သိရသည်။

ကိုညို(ကျေးလက်)