ကြို့ပင်ကောက် ၂၉ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာ ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက် များနှင့်အညီ တောင်သူများ အခက်အခဲ တချို့တဝက် ပြေပျောက်စေဖို့ အတွက် မြို့နယ်သဘာဝဘေး ကော်မတီ အဖွဲ့မှ ကျေးရွာသဘာဝဘေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌများထံ ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကွင်းတာဝန်ခံများက ကျေးရွာသဘာဝဘေး ကော်မတီ ဥက္ကဋ္ဌ များနှင့်အတူ တောင်သူများ၏ လက်ဝယ်သို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာအုပ်စုများဖြစ်သည့် ညောင်ပင်မြင်းစီးကျေးရွာအုပ်စုရှိ တောင်သူ (၆)ဦး၏ လယ်(၁၇)ဧက၊ ဘုရားကြီး ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၂၀)၏ လယ်(၇၅)ဧကနှင့် ရှားပင်ထကျေးရွာအုပ်စုရှိ တောင်သူ(၂၉)တို့၏လယ်(၉၈)ဧကတို့အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ စုစုပေါင်း တောင်သူ ၅၅ တို့၏ ပျက်စီးလယ်ဧက ၁၉၀ အတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)