ကြို့ပင်ကောက်၊ ၈ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် COVID-19 ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီက မြို့ကိုင်းကျေးရွာ၌ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း ကြို့ပင်ကောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးထံမှသိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာဖြစ်သည့် မြို့ကိုင်းကျေးရွာတွင် COVID-19 ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့ကိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပဉ္စမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၃၁ ဦးအတွက် ငွေကျပ် ၂၀၄ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၆ ဦးအတွက် ငွေကျပ် ၂၄ သိန်း၊ အသေးစာကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၃၂ ဦးအတွက် ငွေကျပ် ၁၃၄ သိန်း စုစုပေါင်း အသင်းဝင် ၆၉ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၃၆၅ သိန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက ပြောပြသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၄၆ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ Covid-19 ရောဂါ ကာလအတွင်း မြို့ကိုင်းကျေးရွာအပါဝင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာပေါင်း ၂၈ ရွာကို ထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီးများတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေကာ ထုတ်ချေးပေးခဲ့ကြောင်း ကြို့ပင်ကောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျော်ဦး


