လက်ပံတန်း ၁၇ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက “ကျွန်မတို့မြို့မှာ ၂၀၁၇-၂၀၁၈ ခုနှစ်က ကျေးရွာ (၁)ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က (၁၃)ရွာမှာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ကျေးရွာ (၁၅)ရွာမှာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ခွင့်ရရှိလို့ နိုဝင်ဘာလ ၁၅ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ ကျေးရွာစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ (၃၀)ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး လေးရက်ကြာ သင်တန်းပို့ချနေပါတယ်”ဟု ပြောသည်။
ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန် နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


