ကြို့ပင်ကောက် ၅ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း စတင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ကော်မတီဝင်များက မြို့နယ်အတွင်း ကျေးရွာအုပ်စု (၈)အုပ်စု ကောက်ကွက် (၉)ကွက်ကို စာရင်းကောက်ယူရေးအဖွဲ့ (၅)ဖွဲ့မှ ကောက်ယူသွားမည်ဖြစ်ရာ ပန်းတင်ရပ်ကွက်၊ ဉယာဉ်လမ်းမှ စတင်ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့က ဇန်နဝါရီ ၂ ရက်မှစတင်၍ ကွင်းဆင်းကာ စာရင်းစတင်ကောက်ယူခဲ့ကြသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ကြားကာလအတွင်း နိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အနီးစပ်ဆုံးခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုကို သုတေသနပြုနိုင်ရန်နှင့် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုကောက်ယူမည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ယခင်ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု တစ်ဦးချင်းမေးမြန်း ကောက်ယူသည့် စနစ်(CAPI)စနစ်ဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူး ဦးသန်းထွန်းထံမှ သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)