ကြို့ပင်ကောက် ၁၉ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေ ၁၇ ရက်နှင့် ၁၈ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံငွေနှင့် ပစ္စည်း ၁၆ မျိုးတို့ကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
“ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ မေ ၁၇ ရက်နဲ့ ၁၈ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပြိုလဲနေအိမ် ၆ လုံး၊ အမိုးလန်နေအိမ် ၃၉ လုံး လူဦးရေ ၁၇ ဦးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆယ့်ငါးသိန်းကျော်နဲ့ ပစ္စည်း ၁၆ မျိုးပါ ပုံး ၆ ပုံးကို လာရောက်ထောက်ပံ့တာ ဖြစ်ပါတယ်၊ ထောက်ပံ့ပြီးသွားရင်လည်း ကြို့ပင်ကောက် မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ့နဲ့ သဘာဝဘေး အသိပညာပေး လုပ်ငန်းတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ” ဟု တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက ပြောသည်။
လေဘေးသင့်ပြည်သူများ လတ်တလော သက်သာချောင်ချိမှုများ ရရှိစေရန် ပြိုလဲနေအိမ် ၆ လုံး၊ အမိုးလန်နေအိမ် ၃၉ လုံးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၅၈၅၇၀၀ နှင့် ပစ္စည်း ၁၆ မျိုးပါပုံး ၆ ပုံးတို့ကို သက်ဆိုင်ရာ ရပ်ကွပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


