ကြို့ပင်ကောက် ၆ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြစ်မခချောင်းရေတက်မှုကြောင့် ဩဂုတ် ၆ ရက်တွင် ကျေးရွာအုပ်စု လေးအုပ်စုရှိ မိုးစပါးစိုက်ဧက ၃၂၈၇ ဧက ရေလွှမ်းခြင်းခံရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း မြစ်မခမြစ်ရေတက်မှုများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ် ဩဂုတ် ၆ ရက်တွင် မြစ်မခချောင်းရေတက်မှုကြောင့် တောင်သူ ၇၀၇ ဦးတို့၏ လယ်မြေများဖြစ်သော မင်းအိုကျေးရွာ အုပ်စုတွင် မိုးစပါစိုက်ဧက ၉၀၆ ဧက၊ ညောင်ပင်မြင်းစီးကျေးရွာအုပ်စုတွင် ၁၅၇၅ ဧက၊ ကျောက်ဝကျေးရွာ အုပ်စုတွင် ၅၀၈ ဧကနှင့် စစ်ကုန်း-၂ ကျေးရွာအုပ်စုတွင် ၂၉၈ ဧက စုစုပေါင်း ၃၂၈၇ ဧကရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းဟိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဩဂုတ် ၅ ရက်က မင်းအိုကျေးရွာနှင့် ထန်းကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းများသို့ သောက်ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)