ကြို့ပင်ကောက် ၁၁ ဖေဖော်ဝါရီ
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံပြည်သူများသည် နွေရာသီ ရေရှားပါးချိန်တွင် မြို့အရှေ့ဘက်ရှိ ဘော်ဘင်ဆည်မှရေကို သွယ်ယူသုံးစွဲနေရာမှ ယခုနှစ်တွင် ဆည်ရေသွယ်မြောင်းပြုပြင်မှုများ ဆောင်ရွက်နေမှုကြောင့် သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ကျောက်ခွေချ ရေတွင်းများ တူးဖော်သုံးစွဲမှု များပြားလာကြောင်း သိရသည်။
ရေတွင်းတစ်တွင်းကို တစ်ရက်သာ အချိန်ပေး တူးဖော်ရကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ်မှာ နှစ်သိန်းခွဲခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း တွင်းနှစ်ဆယ်ခန့် တူးပေးပြီးသွားပြီဖြစ်ကြောင်းနှင့် တစ်နှစ်လုံး တွင်း ၆၀ ခန့် နှစ်စဉ်တူးပေးနေရကြောင်း ရေတွင်းလိုက်လံတူးဖော်ပေးနေသော ကိုစိုးလင်းက ပြောသည်။
အဆိုပါရေတွင်းများသည် နွေရာသီ ရေရှားပါးချိန်တွင် မိသားစုတစ်စုအတွက် သောက်သုံးရေကို လောက်ငစွာ ရယူသုံးစွဲနိုင်ကြောင်း ကုန်ကျစရိတ် နည်းပါးပြီး ရေတွင်းတစ်တွင်းလျှင် လေးပေပတ်လည်ခန့်သာ အကျယ်ရှိသည့်အတွက် ဒေသခံပြည်သူများ အသုံးပြုမှု များပြားလာလျက်ရှိသည်။
ရေတွင်ခွေပြုလုပ် ရောင်းချသော ကြယ်ပျံကွန်ကရစ်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမှ လုပ်ငန်းရှင် ဦးခင်လေးမောင်က “အခုလိုပွင့်လင်းရာသီမှာ ရေတွင်းခွေ များများရောင်းရတယ်။ အခုနှစ်က ဆည်ရေကလည်း မရတော့ ရေတွင်းတူးသူ ပိုများလာပြီး ပိုပြီးများများရောင်းရပါတယ်” ဟုပြောကြားသည်။
အဆိုပါကျောက်ခွေချရေတွင်းများကို ခွေအသေးတူးလျှင် တစ်သိန်းရှစ်သောင်းခန့် ကုန်ကျမည်ဖြစ်ပြီး ခွေအကြီးတူးလျှင် နှစ်သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)